ဇူလိုင် ၂၂၊ ၂၀၂၄
ဂျိုးဘိုင်ဒန်က လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် မပါဝင်တော့ဘူးလို့ ကြေညာပြီး ဒုသမ္မတ ဟဲရစ်ကို သမ္မတ လောင်းအဖြစ် ထောက်ခံတယ်လို့ ပြောလိုက်တာလည်း ၁၂ နာရီနီးပါး ရှိလာပြီဖြစ်ပါတယ်။
အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ သမ္မတဒုတိယသက်တမ်းကို ထမ်းဆောင်နိုင်မည်မဟုတ်ဟု ဝေဖန်မှုများကြောင့် ဒီမိုကရက်တစ်ပါတီအတွင်း စိုးရိမ်မှုများမြင့်တက်လာကာ ရွေးကောက်ပွဲ ဝင်မပြိုင်ရန် တောင်းဆိုမှုများထွက်ပေါ်ခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်အနေဖြင့် ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ်မှ နုတ်ထွက်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့ရဲ့ သမ္မတအဖြစ် တာဝန်ထမ်းရွက်ရတာဟာ ကျနော့်ဘဝအတွက် အကြီးမားဆုံးသော ဂုဏ်သရေ ဖြစ်ပါတယ်၊ ကျနော့်အနေနဲ့ ပြန်အရွေးခံဖို့ ဆန္ဒရှိပေမယ့် တိုင်းပြည်ရဲ့အကျိုး၊ ပါတီရဲ့အကျိုးကို ထောက်ရှုတဲ့အခါ ရွေးကောက်ပွဲကနေ နုတ်ထွက်ပြီး လက်ကျန်သမ္မတကာလရဲ့ တာဝန်တွေကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး ထမ်း ဆောင်သွားပါမယ်” ဟု ထည့်သွင်းပြောကြားထားသည်။
ထိုသို့ နုတ်ထွက်ပြီးနောက် လက်ရှိ ဒုသမ္မတ ကာမလာဟားရစ်စ် (Kamala Harris) ကို သမ္မတလောင်းအဖြစ် အပြည့်အဝ ထောက်ခံသည်ဟုလည်း ဂျိုးဘိုင်ဒန်က လူမှုကွန်ရက်မှတဆင့် ရေးသားထားသလို ဒုသမ္မတ ကာမာလာဟားရစ်ကလည်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရရန် ရည်မှန်းကြိုးစားသွားမည်ဟု ကြေညာထားသည်။
ထို့ပြင် ၎င်းတာဝန်ယူစဉ်ကာလအတွင်း သက်ကြီးရွယ်အိုများအတွက် ဆရာဝန်ညွှန်းသော ဆေးဝါးများ အဖိုးအခ လျော့ပါးစေရန်နှင့် နိုင်ငံသားအများအပြား သင့်တင့်သော အဖိုးအခနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် အမေရိကန်စစ်ပြန်များအတွက် အရေးတကြီးလိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဖန်တီးပေးနိုင်ခဲ့သလို အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး တရားရုံးတော် (Supreme Court) မှာလည်း အာဖရိကနွယ်ဖွား အမျိုးသမီးတဦးကို ပထမဦးဆုံးအကြိမ်အဖြစ် ခန့်အပ်ကာ သမိုင်းမှတ်တမ်းဝင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး သေနတ်ကိုင်မှု လုံခြုံရေးဆိုင်ရာ ဥပဒေတရပ်လည်း ပြဋ္ဌာန်းနိုင်ခဲ့သလို ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံးဖြစ်သည့် ရာသီဥတုဆိုင်ရာ ဥပဒေတရပ်ကိုလည်း အမေရိကန်က အတည်ပြုနိုင်ခဲ့သည်ဟုလည်း ထည့်သွင်း ပြောဆိုထားသည်။
အမေရိကန်နိုင်ငံသမိုင်းတွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတတဦးအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ရက်တရာခန့် အလို၌ ရွေးကောက်ပွဲမှ နုတ်ထွက်သွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။