ဘင်္ဂလားဒေ့ရှ် ရေလွှမ်းမိုးမှု လူ ၈ သိန်းကျော် ထိခိုက်

June 21, 2024

ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ဆေးလတ်ဒေသမှာတော့ ရေလွှမ်းမိုးမှု အခြေအနေဟာ ပိုမိုဆိုးရွားလာကြောင်း ဇွန် ၂၀ ရက်မှာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဇွန် ၁၉ ရက်က ရေကြီးမှုကြောင့် လူပေါင်း ၈ သိန်းကျော် ထိခိုက်ခဲ့ရကြောင်း ဆေးလတ်ခရိုင် အုပ်ချုပ်ရေးအရာရှိတွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် ယူနိုက်တက် သတင်းဌာန (UNB) က ဖော်ပြပါတယ်။

ဆေးလတ်မြို့က လူတွေဟာ ဒူးလောက်နက်တဲ့ ရေထဲမှာ လျှောက်သွားနေရပြီး အိမ်ပေါင်းထောင်ချီ ရေဝင်နေတာကြောင့် ဒီအခြေအနေဟာ တော်တော်လေး အဆင်မပြေတဲ့ အခြေအနေလို့ ဒေသခံတယောက်က ပြောပါတယ်။

မြို့တော် ကော်ပိုရေးရှင်း အာဏာပိုင်တွေက အကူအညီပေးဖို့ ဘယ်တုန်းကမှ မရောက်လာခဲ့ကြောင်းနဲ့ ၂၀၂၁ ခုနှစ် ရေကြီးချိန်မှာတောင် မလာခဲ့ကြကြောင်း ဒေသခံ အဖရိုဇာ ဘေကွမ်က သတင်းထောက်ရဲ့အမေးကို ဖြေကြားခဲ့ပါတယ်။

ဇွန် ၂၁ ရက်မှာ ဆေးလတ်တဝိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန (BMD) က ပြောကြားထားပြီး ဒေသတွင်း တောင်ကုန်းတွေ အနီးတဝိုက်မှာ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။