မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ တို့အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဒီကနေ့ ဇွန် ၂၃ ရက်အထိ ခေါ်ယူထားပြီး စစ်ဆေးနေဆဲလို့ ဆန်ကုန်သည်အသိုင်းအဝိုင်းကသိရပါတယ်။
ဇွန် ၂၃ ရက်မှာ ဆန်စပါးအသင်းနဲ့ဆန်စက်အသင်းကတာဝန်ရှိသူတွေအပါအဝင် ကုန်စည်ဒိုင်တာဝန်ရှိသူတွေက အရေးပေါ်အစည်းအဝေးလုပ်နေပြီး စျေးကွက်အတွင်းမှာ ဆန်စျေးနှုန်းကျဆင်းဖို့ နဲ့ ခေါ်ယူခံထားရသူတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတယ်လို့ သိရပါတယ်။
” အသင်းက လူကြီးတွေကို ပြန်မလွှတ်သေးဘဲ ခေါ်စစ်ခံနေရတုန်းဖြစ်သလို ပဲခူးက ဆန်စက် ၉ လုံး ချိပ်ပိတ်ခံရတယ်။ ဧရာဝတီဘက်ကလည်း ဖမ်းခံရသူတွေရှိပါတယ်။ မနေ့ည (ဇွန် ၂၂ ရက် ညပိုင်း) က အထိ လိုက်ဖမ်းနေတာပါ” လို့ ဆန်အသင်းက ကုန်သည်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ဆန်စျေးကွက်ထဲမှာ စျေးကျဖို့ ဖိအားပေးပုံစံနဲ့လုပ်နေတာလို့ ဆန်ကုန်သည်တွေက ဝေဖန်နေပြီး အထွေထွေကုန်ကျစရိတ်တွေမြင့်တက်နေချိန်မှာ ဆန်စျေးကျဖို့ ခက်တယ်လို့ ဆန်ကုန်သည်တွေနဲ့ ဆန်စက်လုပ်ငန်းလုပ်ကိုင်နေသူတချို့ကပြောပါတယ်။
” အဓိကလျှပ်စစ်မီးမရတာပါ။ မရတော့ ဆီဝယ်သုံးရတယ်။ လုပ်သားရှားပါးတော့ စျေးပိုပေးရတယ်။ ဒေါ်လာစျေးတက်တော့ ဓာတ်မြေသြဇာစျေးတက်တယ်။ သယ်ယူရေးစရိတ်တက်တယ်။ အထွေထွေထုတ်လုပ်စရိတ် တက်လာတာကို မမြင်ဘဲ။ ကျပ်ငွေစျေးကျလို့ အားလုံးဒုက္ခရောက်နေတာမမြင်ဘဲ ဒီလိုဖိအားပေးဖမ်းဆီးစစ်ဆေးတဲ့နည်းကတော့ အားလုံးဒုက္ခပိုရောက်ဖို့ပဲရှိတယ်”