သံတွဲ တိုက်ပွဲနှင့် ပတ်သက်သည့် ပုံအတုများ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ဓါတ်ပုံတချို့မှာ ပြုပြင်ထားတဲ့ဓါတ်ပုံတွေ ရောနှောပျံ့နှံ့နေပါတယ်။

ရက္ခဇာနည် ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘုတ်အသုံးပြုသူတဦးက ဇွန် ၂၅ ရက်နေ့မှာ ဖော်ပြထားတဲ့ “ဂါရဝပါ သံတွဲလေဆိပ်” ဆိုတဲ့ စာနဲ့အတူ အာရက္ခတပ်တော် (AA) တပ်သားတွေနဲ့ တပ်ဖွဲ့အလံတွေနဲ့အတူ သံတွဲလေဆိပ်ရှေ့မှာ ရိုက်ထားတဲ့ပုံတခုကို ဖော်ပြထားပါတယ်။ အဲ့ဒီပုံကို နှစ်နာရီအတွင်း ကြိုက်နှစ်သက်သူ ၁၈၀၀၀ ကျော်ရှိခဲ့ပြီး မျှဝေမှု ၃၅၀ ထိ ရှိခဲ့ပါတယ်။ မူရင်းဖြန့်ဝေတဲ့ပိုစ့်ဟာ မရှိတော့ပေမယ့် ပြန်လည်ကူးယူဖော်ပြထားတဲ့ပိုစ့်တွေဟာ ဆက်လက်ပျံ့နှံ့နေပါတယ်။

တကယ်တော့ အဲ့ဒီပုံဟာ မတ်လ ၈ ရက်နေ့က AA ထုတ်ပြန်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ ပုံတွေထဲက AA တပ်သားတွေရဲ့ ပုံကို သံတွဲလေဆိပ် ဆိုင်းဘုတ်ပုံပေါ်မှာ ထပ်ထားပြီး ပြုပြင်ဖန်တီးထားတာပါ။

AA သတင်းထုတ်ပြန်ချက် လင့် – https://t.me/aainfodesk/714 ,

သံတွဲလေဆိပ်ပုံလင့် – t.ly/dEnBN

အာရက္ခတပ်တော် (AA) က သံတွဲလေဆိပ်ကို ဇွန် ၂၃ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မဇ္ဈိမအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ လင့် – t.ly/4eC3d, t.ly/MGLTa , t.ly/3uSKx

ဒါအပြင် Western News သတင်းဌာနကနေလည်း ဇွန်လ ၂၆ ရက်နေ့မှာ သံတွဲလေဆိပ် ဓါတ်ပုံဟာ အတုဖြစ်ကြောင်း ဖော်ထုတ်ထားပါသေးတယ်။ လင့် – t.ly/QjAxD

ဒါကြောင့် သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ထားတာ မှန်ပေမယ့် ပျံ့နှံ့နေတဲ့ သံတွဲလေဆိပ် ဆိုင်းဘုတ်နောက်ခံနဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ ပုံကတော့ ပြုပြင်ဖန်တီးထားတဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။

အလားတူပဲ ငပလီ ကမ်းခြေမှာ AA အလံနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဓါတ်ပုံတပုံလည်း ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲ့ဒီပုံရဲ့ အပေါ်မှာတော့ Mg Gyi Shun AK ဆိုတဲ့ စာသားပါဝင်ပါတယ်။ ဒီပုံကို တခြားဖေ့ဘုတ်အသုံးပြုသူတွေကလည်း ကူးယူဖော်ပြခဲ့တာကြောင့် ပျံ့နှံ့မှု များခဲ့ပါတယ်။

ဓါတ်ပုံတွေရဲ့ မူလဇစ်မြစ်ကို ရှာဖွေတဲ့ TinEye နဲ့ ဒီပုံကို ရှာဖွေ စစ်ဆေးတဲ့အခါမှ ကမ်းခြေတခုက ပုံကို ယူသုံးပြီး ပြုပြင်ထားကြောင်း တွေ့ရပါတယ်။ ပုံဟာ ငပလီကမ်းခြေပုံအမှန်ပဲ ဖြစ်ပါတယ်။ ဒါကို အလံနဲ့ တပ်သားပုံတွေကို ထည့်သွင်းထားပြီးတော့ ပြုပြင်ထားတာပါ။ လင့် – t.ly/ozZ4a , t.ly/Dyj54

သံတွဲလေဆိပ် သိမ်းပိုက်ခံရပြီးနောက် ငပလီကမ်းခြေတလျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့လည်း လွတ်လပ်ပြီး ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ သတင်းဖော်ပြထားကြပါတယ်။ လင့် – https://shorturl.at/CUhQ8 , https://shorturl.at/DGaD3

သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ပြီး ငပလီကမ်းခြေမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေမှာ ဖြစ်စဉ်အမှန်အပေါ်မူတည်ပြီးတော့ ပြုပြင်ဖန်တီးထားတဲ့ ဓါတ်ပုံအလွဲတွေကလည်း ရောနှောပျံ့နှံ့လာပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ သတင်းဖတ်ရှုတဲ့အခါမှာ အကြောင်းအရာနဲ့ ဓါတ်ပုံတွေကို စိစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။